ပဲခူး စက်တင်ဘာ ၂၈
ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ အမျိုးသား(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် ရွှေတောင်အသင်း၊ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် အုတ်ဖိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာကျောင်းသား/သူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူ(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းအတွင်းရေးမှူး ဦးအေးမောင်ကြည်က ဆုတံဆိပ်နှင့် ငွေသားဆု(၁)သိန်းစီကိုလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော ကြို့ပင်ကောက် မြို့နယ်အသင်းအား ဥပဒေချုပ်ဦးခင်မောင်တင့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၂)သိန်းအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော အုတ်တွင်းမြို့နယ်အသင်းအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပဲခူးမြို့နယ်အသင်းအား လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပဲခူးမြို့နယ်အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းက တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အုတ်ဖိုမြို့နယ်အသင်းအား စီးပွားရေးရာဝန်ကြီးဦးတင်ဦးက တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ်(၆)သိန်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၅)သိန်းအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အုတ်ဖိုမြို့နယ်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၁၄၀)ဦးပါဝင်ကာ အုပ်စုပတ်လည်ဖြင့် (၂)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)