ဘားအံမြို့၌ ကိုဗစ် ၁၉ ကာလ Facility Quarantine ဝင်ရောက်သူ ၂၀၁ ဦးရှိ

ဘားအံ၊  အောက်တိုဘာ  ၂၀

ဘားအံမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများကို တွေ့ရှိလာရပြီး ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသူ (Contact Person) များ၊ ၎င်းတို့၏မိသားစုဝင်များကို Facility Quarantine Centre များသို့ ပို့ဆောင်စေခဲ့ရာ အောက်တိုဘာလ ၁၈ ရက်နေ့ထိ Quarantine ဝင်ရောက်ရသူ ၁၃၁ ဦးရှိပြီး ရိုးရိုးဝင်ရောက်သူနှင့်နိုင်ငံခြားပြန်လာသူများအပါအဝင် ဘားအံ Quarantine Centre  ၅ ခု၌ လူဦးရေ ၂၀၁ ဦးရှိကြောင်း ဘားအံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဘားအံမြို့နယ်အတွင် Facility Quarantine Center  ၅ ခု ဖွင့်လှစ်ထားရှိ၍ ကိုဗစ် ၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိသည်ဟု ယူဆရသူများ၊ နိုင်ငံခြားပြန်များ၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ခရီးသွားရောက်ခဲ့သူများကိုထားရှိ၍ စောင့်ကြပ်ကြည့်ရှု့လျက်ရှိရာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း Quarantine Centerတွင် ၇ ဦး၊ ဘားအံတက္ကသိုလ်တွင် ၈၈ ဦး (Contact Person ဖြင့် ဝင်ရောက်သူ ၈၇ ဦးနှင့် နိုင်ငံခြားပြန်တစ်ဦး)၊ စံဖရီးတန်ဖိုးနည်းအိမ်ရာတွင် ၃၀ ဦး၊ ကွန်ပျူတာတက္ကသိုလ်တွင် ၆၃ ဦး(Contact Person ဖြင့် ဝင်ရောက်သူ ၄၄ ဦးနှင့် အခြားနည်း ၁၉ ဦး)၊ စိုက်ပျိုးရေးသိပ္ပံတွင် ၁၃ ဦး စုစုပေါင်း ၂၀၁ ဦး Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Quarantine ဝင်ရောက်သူများ နေထိုင်စားသောက်ရေးအတွက် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင် ရာတာဝန်ကျဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်း၊ အာခေါင်တို့ဖတ် SWAB ရယူခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နာမကျန်းဖြစ်ပါက ဆေးကုသမှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Quarantine ဝင်ရောက်သူများတွင် ကလေးငယ်များနှင့် အသက် (၆၀) နှစ်နှင့်အထက် အဘိုးအဘွားများပါဝင်ပြီး အသက်ကြီးသူများနှင့်ကလေးငယ်များကို သီးသန့်ခန်းဖြင့်ထားရှိပေးကာ လိုအပ်ပါက ဆွေမျိုးတော်စပ်သူများ အတူတကွထားရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်ဆက်)