နတ်မောက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မျိုးစေ့ထုတ်စိုက်ခင်း မိုး(နေကြာ) ဆင်းရွှေကြာ-၂ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က အင်းကုန်းကျေးရွာ တောင်သူဦးကျော်မင်းနိုင်၏ ကွင်းအမှတ် (၄၆၂) လယ်ယာမြေတစ်ဧကရိတ်သိမ်းခဲ့ရာ နေကြာအစိုတင်း (၁၆)တင်း ထွက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအထွက်နှုန်းတိုးတက်စေရေးအတွက် ရေဆင်းဆပ်မျိုး(နေကြာ)၊ ဆင်းရွှေကြာ-၂ နေကြာမျိုးများကို စိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာစေရေး ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာများကို မျိုးစေ့ထုတ်ယူရန်အတွက် မိုး(နေကြာ) ဆင်းရွှေကြာ-၂ စံကွက်များ ကို ဧက(၅၀) စိုက်ပျိုးထားရှိပြီး ထွက်ရှိလာသည့် မျိုးစေ့ထုတ်နေကြာများကို မိုးလယ်၊ မိုးနှောင်းနှင့် ဆောင်းသီးနှံအဖြစ် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မူမူစန်း