ထားဝယ် စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသည့် မြိတ်မြို့နယ်အသင်းနှင့် ဘုတ်ပြင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး အဆိုပါပြိုင်ပွဲတွင် မြိတ်မြို့နယ်အသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကျွန်းစုမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများချီးမြှင့်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်ဘုတ်ပြင်းမြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတို့က အမျိုးသား(၂)ယောက်တွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်းအား လည်ကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသား(၂)ယောက်တွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ချီးမြှင့်သည့် ဆုကြေးငွေများအပြင် တိုင်းဒေသကြီးပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမြတ်မိုးက ဆုငွေ(၅)သိန်းကျပ်ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)