မြို့သစ်တွင် ဒေသထွက်ကြက်သွန်နီစိုက်ခင်းများအောင်မြင်ပြီး ရောင်းချချိန်စျေးကောင်းရရှိ

မြို့သစ်     စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်မှုများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိကြောင်းသိရသည်။

မြို့သစ်မြို့နယ်တွင် ကြက်သွန်နီကို ဒေသခံပြည်သူများ ရာသီမရွေးစားသုံးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် စိုက်ပျိုးရေးဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချလျက်ရှိသည်။

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၄၅၀၀)မှ(၅၀၀၀)ကျပ်စျေးဝန်းကျင် အထိရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ကြက်သွန်နီထွက်ကုန်များ နည်းပါးလာပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းလာသည့်အတွက် ဈေးနှုန်းများပြန်လည် မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်းအရောင်း/အဝယ်ပြုလုပ်နေသည့်ကုန်သည်များကပြောသည်။

ကြက်သွန်နီစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်က ကြက်သွန်နီများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုကြက်သွန်နီစိုက်ပျိုးမှုကို လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်ခန့်မှ တောင်သူအချင်းချင်း ချိတ်ဆက်နည်းပညာရယူလေ့လာ၍ မြေအောက်ရေအသုံးပြုကာ ရာသီမရွေးစတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဆောင်းရာသီအတွက် ကြက်သွန်နီထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင်ကြက်သွန်နီစျေး တစ်ပိဿာ(၁၀၀၀/၁၅၀၀)ကျပ်စျေးအထိ စျေးကျဆင်းခဲ့ပြီး ယခုအခါကြက်သွန်နီစျေးများ (၄၅၀၀)ကျပ်စျေးမှ(၅၀၀၀) ကျပ်စျေးအထိ ရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ကြက်သွန်နီစိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရသိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက် )