ရေဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ရေဖြူ စက်တင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်လည်ပတ်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် စာကြည့်တိုက်ဖွင့်ချိန်မှစ၍ ကျောင်းသား၊ကျောင်းသူများ၊ စာအုပ်ငှားရမ်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရေဖြူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ေကျာင်းသူများအား မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဥ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များကိုဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိရာ အ-ထ-က ရေဖြူ ကျောင်းပိတ်ရက်ဖြစ်သည့် (အဖိတ်နှင့်ဥပုသ်နေ့) ကျောင်းပိတ်ရက်များတွင် သာမန်နေ့များထက် စာဖတ်သူ၊ စာငှားသူများ ပိုမိုများပြားကြောင်း သိရသည်။

ဝေယံထွန်း(ရေဖြူ)