သံတောင်ကြီး စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် လက်ဖက်မွှေးများ ဝယ်လိုအားကောင်းလာခြင်းကြောင့် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း တွေ့ရသည်။
လက်ဖက်မွှေးပင်များကို စိုက်ပျိုးပြီးတစ်နှစ်ခန့်တွင် အရွက်များခူးယူနိုင်ပြီး အရွက်များကိုတစ်နှစ်လျှင် (၄)ကြိမ်မှ(၅)ကြိမ်အထိ ဆွတ်ခူးနိုင်သည်။ ခူးယူပြီးလက်ဖက် မွှေးအရွက်များကို ရေနှင့်သေချာစွာ သန့်စင်ဆေးကြောပြီး နေပူလှမ်းကာ မီးဖြင့်မပူမအေး စနစ်တကျ သေချာစွာ အခြောက်ခံရသည်။ ထို့နောက် လက်ဖက်မွှေးအရွက်ခြောက်များကို စတနစ်တကျထုပ်ပိုးကာ သံတောင်ကြီးမြို့ပေါ်တွင် သာမက တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် တင်သွင်းရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း လက်ဖက်မွှေးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူ ဒေါ်နော်တော့နော်ထံက သိရသည်။
အဆိုပါလက်ဖက်မွှေးခြောက်များကို လက်ဖက်ခြောက်နှင့် ရောနှောထည့်ကာ ရေနွေးကြမ်းအဖြင့် သုံးဆောင်နိုင်ပြီး အနံ့မွှေးကာ ဆေးဖက်ဝင်ကြောင်း သိရသည်။
နော်နော်မူ