ဟိုပန် စက်တင်ဘာ၂၈
နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီ ခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက လာမည့်ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်းဖြင့် တရားမျှတမှုရှိစေရေး၊ ပါတီတစ်ခုနှင့်တစ်ခု ထောက်ကွက်မရှိအောင် ပါတီဝင် အင်အားစာရင်းမှန်ကန်မှုရှိစေရေး စိစစ်ခြင်းဖြစ်ကြောင်း ၊ တက်ရောက်လာသည့် တာဝန်ရှိဌာနများမှလည်းအကြံပြုဆွေးနွေးပေးရန် ပြောကြားခဲ့ပါသည်။ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးမျိုးကျော်သူက နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြုခြင်း၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဒေါ်မာမာမြင့်က နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စိစစ်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးညွှန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်တို့ကနိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားစာရင်း စိစစ်မှုနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)