အင်းတော် အောက်တိုဘာ ၂၀
HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် HPV (Human Papillomavirus) ပိုးနှင့် HPV ပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်း ကင်ဆာ အကြောင်းကို လည်းကောင်း၊ အာရှဒေသနှင့် မြန်မာနိုင်ငံအတွင်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားမှု အခြေအနေများကိုလည်းကောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါလက္ခဏာများ၊ နောက်ဆက်တွဲ ပြဿနာများ၊ HPV ကာကွယ်ဆေးအကြောင်း၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာများ၊ HPV ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများ အကြောင်းကို အင်းတော်မြို့ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြကုဋေက ရှင်းလင်းပြောကြားခဲ့သည်။
အင်းတော်မြို့နယ်အနေဖြင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တို ဘာလ ၂၀ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ အသက် (၉) နှစ်မှ (၁၀) နှစ်အထိ ၂၀၁၀ နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၃၁ အတွင်း မွေးဖွားသော မိန်းကလေးများ အားလုံးကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး (၁၂) လခြား ကာ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးသွားမည် ဖြစ်သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ အင်းတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ပြုံး၊ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ