ထားဝယ် စက်တင်ဘာ ၂၈
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ လာမည့်အောက်တိုဘာ ၂ ရက် နေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပြိုင်ပွဲဝင်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပြိုင်ပွဲဝင်ရောက်သူများအား ကြိုဆိုနေရာချထားရေး၊ နေထိုင်စားသောက်ရေးများကို တာဝန်ရှိသူများက ကြီးကြပ်၍ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက ပြိုင်ပွဲကျင်းပရေးနှင့်ဧည့်ခံကျွေးမွေးရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင်များစိစစ်ရွေးချယ်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ကြိုဆို နေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး စသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။
၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲတွင် အဆို(၃၅)ဦး၊ အက(အဖွဲ့အလိုက်) ၅၄ဦး (၃)ဖွဲ့နှင့် တစ်ဦးချင်းပြိုင်(၂၂)ဦး၊ အရေး(၂)ဦး၊ အတီး(၅)ဦး စုစုပေါင်း(၁၁၈)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)