မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ၊ ဘားအံပညာ့ရိပ်သာအိမ်ရာဝန်း တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ဘားအံ စက်တင်ဘာ ၂၇

အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ ၌ ကျင်းပသည်။

လူငယ်စကားဝိုင်းကို ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ်များက လူငယ်ပွဲတော်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေဖွင့်လှစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီအနေဖြင့် ပြည်နယ်အတွင်း လူငယ်လူရွယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုရှိလာကြစေရန် ကော်မတီင်ဝင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အခါအားလျော်စွာခေါ်ယူကျင်းပပြီး လုပ်ငန်းစဉ်များ ချမှတ်ကာ သက်ဆိုင်ရာဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းသည် လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာပိုင်းဆိုင်ရာ၊ နှုတ်မှုစွမ်းရည်ပိုင်းဆိုင်ရာကဏ္ဍများ တိုးတက်မှု ရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်မောင်မယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကဏ္ဍများတွင် သာတူညီမျှမှုရှိစွာဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူချွန်လူကောင်းများအဖြစ် မားမားမတ်မတ်ရပ်တည်သွားနိုင်စေရန် မိမိကိုယ်မိမိအချိန်ကို အကျိုးရှိရှိဖြင့် ပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က တိုင်းပြည်နှင့်အနာဂတ်အတွက် လူငယ်များ၏အရေးပါမှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး လူငယ်စကား ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အစီအစဉ် တင်ဆက်သူအဖြစ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား/ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား မေးခွန်းများပြန်လည် မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် လူငယ်များက Fitness Dance ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား  ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က ပြည်နယ်ပညာရေးဌာနနှင့် အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လူငယ်စကား ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ လူငယ်လူရွယ်မောင်မယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပြီး ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ မှခင်းကျင်းပြသထားသော လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးစာအုပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မွန်းလွဲ ၃ နာရီခန့်က ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘားအံပညာ့ရိပ်သာ အိမ်ရာဝန်း တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ Community Centre ခန်းမ၌ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် တာဝန်ယူတည်ဆောက်သည့် Myanmar Imperial Vega Co.,Ltd မှ Project manager ဦးဝင်းနိုင်တို့က ဘားအံပညာ့ရိပ်သာ အိမ်ရာဝန်းအတွင်း (၆၀ပေ x ၁၆၀ပေ) Community Centre တစ်လုံး၊ (၅၀ပေ x ၁၀၀ပေ) အားကစားခန်းမတစ်လုံး၊ အိပ်ခန်း ၃ ခန်းပါ  ၈ ခန်းတွဲ ၄ ထပ် အဆောက်အဦတစ်လုံး၊ အိပ်ခန်း ၂ ခန်းပါ အဆောက်အဦး ၈ ခန်းတွဲ ၄ ထပ် သုံးလုံး၊ အိပ်ခန်းတစ်ခန်းပါ ၈ ခန်းတွဲ ၄ ထပ် အဆောက်အဦတစ်လုံး  အခန်းပေါင်း ၁၆၀ နှင့် ရေ၊ မီး၊ မိလ္လာသွယ်တန်းတပ်ဆင်ပြီးစီးမှု အခြေအနေများကို  ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်သုံးမီတာများပြောင်းလဲ တပ်ဆင်ပေးနိုင်ရေး၊ အရိပ်ရပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးပေးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီဖြစ်စေရေး တာဝန်ရှိသူများအား မှာကြားကာ အဆိုပါအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)