ကျွန်းစုမြို့တွင် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ကျွန်းစု စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေး၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်သီနွဲ့က မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သမီးငယ်လေးများက “နောင်အင်းလေး” သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သော ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းမှ သားငယ်လေးများနှင့် သမီးငယ်လေးများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၏ မိသားစုဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကာ ဆုတော်ငွေချီးမြှင့်ပေးအပ်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ သားငယ်လေးများနှင့် သမီးငယ်လေးများအား မြို့နယ်လူမှုဝန်ထမ်းရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်သီနွဲ့နှင့်တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)