စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DACA ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူ ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး‌ကိုယ်စား၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီထံသို့ တင်ပြလာသည့် အကြောင်းအရာများ၊ ကော်မတီအနေဖြင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက တင်ပြမှုများအပေါ်  လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးအကြံပြုချက်များအပေါ် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူ ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)