မြိတ်မြို့ ပြည်သူ့ဆေးရုံ ဝန်ထမ်းများအား စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မြိတ်   စက်တင်ဘာ   ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြိတ်မြို့တွင် ပြည်သူလူထုများအား စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြည်သူ့ဆေးရုံဝန်ထမ်းများအား စားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက သွားရောက်ရောင်းချပေးခဲ့ကြသည်။

ထို့သို့ရောင်းချပေးရာတွင် ဆန်(၁)ပြည် (၂၇၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား(၂၅၀၀)ကျပ်၊ ဆား(၃၅) ကျပ်သား(၃၀၀)ကျပ်၊ ကြက်ဥ (၁)လုံး (၂၅၀)ကျပ်၊ ဝက်သား(၅၀)ကျပ်သား (၆၀၀၀)ကျပ်၊ ငါး(၁)ကီလို (၁၀၀၀)ကျပ်၊ ကြက်သွန်နီ(၁)ပိဿာ (၃၆၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာ(၁၆၅၀၀)ကျပ်၊ အာလူး(၁)ပိဿာ(၃၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စည်း (၁၀၀)ကျပ်တို့ဖြင့် ပြင်ပ ဈေးနှုန်းထက်  သက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

အခြေခံစားကုန်များကို မြိတ်ခရိုင် ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်း၊ မြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြရာ ပြည်သူ့ဆေးရုံဝန်ထမ်းများက လာရောက် ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)