မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာတွင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

မြိတ်   စက်တင်ဘာ   ၂၇

တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဖြင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယမန်နေ့က မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ဝန်ဖို့ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊  အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေပိုမိုရရှိလာစေရန်၊ လုပ်ငန်းထူထောင်နိုင်သည်အထိ လေကျင့်သင်ကြားပေးခြင်း၊ နည်းပညာပံ့ပိုးကူညီ ပေးခြင်း၊ လိုအပ်သည့် အကြံဉာဏ်များပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းပေါ် ပေါက်လာစေရန် ရည်ရွက်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းတွင် စားသောက်ကုန် တာရှည်ခံဓာတုဆေးဝါးများအကြောင်း၊ မန်းကျည်းသီးငပိကြော် (အချို/ အစပ်)၊ မရမ်းပြားငပိကြော် (အစပ်၊ အချို)၊ ပုဇွန်ခြောက်ငံပြာရည်ကြော်(အချို/အစပ်)၊ ငပိထောင်း(အချို/အစပ်)၊ ငပိထောင်း (ဆီစိမ်အချို/ဆီစိမ်အစပ်)၊ သီဟိုဠ်ဆံငပိကြော် (အချို/အစပ်)၊ အသားတုငပိကြော် (အချို/အစပ်)၊ ငါးနီတူ ဘာလာချောင်ကြော်(အစပ်/အချို)၊ မြေပဲဆံငပိကြော်(အချို/အစပ်)၊ ပုဇွန်ခြောက်ငါးပိကြော် (အချို/ အစပ်)၊  ဂွေးချဉ်သီးငပိကြော်စသည့် ဘာသာရပ်များကို စာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့ (၇၀)ရာခိုင် နှုန်း သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသောင်းအေးက အမှာစကား ပြောကြား၍ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းအတွက် တာဝန်ရှိသူ တစ်ဦးမှ သင်ကြားရေး သင်ထောက်ကူပစ္စည်းများကို ပေးအပ်သည်။ အဆိုပါသင်တန်းကို ကျေးရွာမှ အမျိုးသမီးသင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် စက်တင်ဘာ(၂၆)ရက်မှ အောက်တိုဘာ(၂)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)