ဖလမ်း စက်တင်ဘာ ၂၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားတွင် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဖလမ်းခရိုင် ပညာရေးမှူး ဦးသွမ်လျန်က ဂုဏ်ပြုစကားပြောကြားပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဖလမ်းခေါပီရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကပြကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထမအောင်ချက်အကောင်းဆုံးရရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒုတိယအောင်ချက်အကောင်းဆုံး ရရှိခဲ့ကြသည့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးများအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် သည်။
ထို့နောက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ/မများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မိုးနိုင်တို့က ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် လေးဘာသာဂုဏ်ထူးရှင် မဗန်နွန်မွေးနှင့် သုံးဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၅၄)ဦးတို့အား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး ခရိုင်ဦးစီးမှူး ဦးရေချမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများ၊ မြို့မိမြို့ဖဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဂုဏ်ထူးရ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၂)နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ကပြဖျော်ဖြေတင်ဆက်ခဲ့ကြ ပြီး လေးဘာသာဂုဏ်ထူးရှင် ကျောင်းသူ မဗန်နွန်မွေးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တင်ဆက် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူ များအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင် များ ပေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာ/မများ၊ ဂုဏ်ထူးရကျောင်းသား/ သူများနှင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းများ၊ မြို့မိ မြို့ဖဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်