ပလောက်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေးစတင် ထည့်သွင်း ထိုးနှံခြင်း အစည်းအဝေးပြုလုပ်

ပလောက်  အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ပလောက်မြို့ တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV     ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၁)နာရီ အချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးပွဲတွင် ပလောက်မြို့တိုက်နယ်ဆေးရုံမှ မြို့တာဝန်ခံ ဆရာဝန် ဒေါက်တာ ရန်လင်းကျော်က အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော သားအိမ်ခေါင်းကင်ဆာ ရောဂါ မဖြစ်ပွား စေရန်အတွက် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ထိုးနှံပေးသွား မှာဖြစ်ကြောင်း၊ အသက်(၉)နှစ်မှအသက်(၁၀)နှစ်အတွင်းအမျိုးသမီးငယ်များကို နှစ်ကြိမ်ထိုးနှံပေး မှာဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပထမအကြိမ် ထိုးနှံပေးမှာ ဖြစ်ပြီး ဒုတိယအကြိမ်ကို (၁)နှစ် ခြားပြီး ထိုးနှံပေးမှာဖြစ်ကြောင်း HPV    ကာကွယ်ဆေး ထိုးနှံရမည့် အမျိုးသမီးများကို ကြိုတင်ဖိတ်စာပေး ပို့သွားမည်ဖြစ်ကြောင်း ၊ ပလောက်မြို့အတွင်းရှိ အသက်(၉) နှစ်မှအသက် (၁၀)နှစ်အတွင်းအမျိုးသမီးငယ်များ တစ်ယောက်မကျန် ကာကွယ်ဆေးဖြင့် ကာကွယ် ၍ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးရာ ပလောက် တိုက်နယ် အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ရီသိန်းက ပြန်လည်ဖြေကားခဲ့ကြောင်းသိရှိရသည်။

နှင်းမြူလွင်  ပလောက်ပြန်/ဆက်