မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပေး

မြဝတီ  စက်တင်ဘာ  ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည်အတွေးအခေါ်အယူအဆမြင့်မားစေရန်ရည်ရွယ် ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (တောရ)တွင် လူငယ်ရေးရာ  အသိပညာပေးခြင်းနှင့်  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များအနေဖြင့်  လိမ္မာ ရေးခြားရှိစေရေးအတွက်  အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်းနှင့်  ငယ်ရွယ်စဉ်မှစ၍ ဘဝတိုးတက်ရေးအတွက်  ရည်မှန်းချက်များ  ထားရှိရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းဟောပြောပေးသည်။ ဆက်လက်၍   ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများ ကျင်းပပေးပြီး  အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို  စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)