ကသာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာစကားပြောကြားရာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဌာနအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့် ယခုဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြရန်ပြောကြားသည်။ ဆက်လက်၍ ကသာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်လှိုင်မြင့်က မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ သုံးစွဲသူများကို ဖမ်းဆီးအရေးယူမှုတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်းကောင်း၊ အတွင်းရေးမှူး ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က အသိပညာပေးဆောင်ရွက်မှု၊ ဖမ်းဆီးအရေးယူးမှုနှင့် တရားစွဲဆိုနိုင်မှု အခြေအနေများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောကလျာက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ လူငယ်စကားဝိုင်းများတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက် များအပေါ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်လှိုင်မြင့်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် မိမိနှင့်မသက်ဆိုင်ဟု မယူဆကြဘဲ မိမိဒေသအတွက် မိမိတို့မှာ တာဝန်ရှိသည်ဟု ခံယူပြီးဝိုင်းဝန်းဆောင်ရွက်ကြပါက တစ်ဖြည်းဖြည်း လျှော့ပါးလာပြီး ပပျောက်သွားနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာ ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)