သရက်ချောင်း စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/သားလူငယ်လူရွယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့် ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က- သရက်ချောင်း ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဌေး၊ မြို့နယ်ပညာရေးဌာနတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က-သရက်ချောင်းကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ Grade-10 မှကျောင်းသား/သူ(၁၅၀)ကျော်တို့ တက်ရောက်ခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဇေယျာဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်လူရွယ်ကျောင်းသူ/ သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်နှင့် နှုတ်မှုစွမ်းရည်တိုးတက်လာပြီး လူအများအရှေ့တွင် ပြောရဲဆိုရဲတတ်စေရန်၊ လူငယ်များ အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်တတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ စာဖတ်သူဦးရေတိုးတက်၍ စာကြည့်တိုက်ကို အသုံးချသူများပြားလာစေရန်စသဖြင့်လူငယ်စကားဝိုင်းကျင်းပရခြင်း ၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှု က ဦးဆောင်မှုဖြင့် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အထက-သရက်ချောင်း Grade-12 တန်းမှ မောင်ထူးထူးပိုင်က လူငယ်နှင့်အားကစား ၊ Grade-11 အတန်းမှ မဟန်ဆူးမြတ်က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 အတန်းမှ မယွန်းပပအောင်က လူငယ်နှင့်မူးယစ်ဆေးစသည့် ခေါင်းစဉ်များဖြင့်စိတ်ဝင်စားဖွယ်ပညာပေးဆွေးနွေးပေးကြရာ တက်ရောက်လာကြသော ကျောင်းသား/သူများက အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းမှာပါဝင် ဆွေးနွေးပေးခဲ့သည့်ကျောင်း သူ/သားများအား တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင်ချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
အခမ်းအနားပြီးမြောက်ချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်လှုပ်ရှားမှုရောင်စုံ မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုး/ဥပဒေများ၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ စိတ်ဝင်စားဖွယ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းခန်းအတွင်း ခင်းကျင်းပြသပေးထားရာ တက်ရောက်လာသူများနှင့် ကျောင်းသူ/သားများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)