ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ၌စီးပွားဖြစ်၀ဥလုပ်ငန်းများ ဈေးအနည်း ငယ်ကျဆင်းသော်လည်း ဆက်လက် လုပ် ကိုင်လျက်ရှိ

ပိုင်ကျုံ  အောက်တိုဘာ  ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာတွင် စီးပွားဖြစ်၀ဥများ ယခင်နှစ်ထက် အထွက်နည်းပြီး စျေးကွက် အတွင်း စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ၀ဥအရောင်း အ၀ယ် လုပ်ကိုင်သူများထံမှ သိရသည်။

၀ဥအစိုများကို မိုးနိုင်းကျေးရွာအုပ်စုအပါအ၀င် အခြား ဒေါနတောင်ခြေရှိ ကျေးရွာအုပ်စုများမှ သဘာ၀ အလေ့ကျ ပေါက်ပင်မှ တူးရောင်းနေသူများနှင့် သီးသန့်စိုက်ပျိုးရောင်းချသူ များထံမှဒေသ ပေါက်ဈေးအရ တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဖြင့် ၀ယ်ယူရရှိပြီး ၀ဥအခြောက်ကို တစ်ပိဿာ (၁၁၈၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလဖြစ်သော ကြောင့် ၀ဥ အရောင်းအ၀ယ်လုပ်ငန်းများ ကြန့်ကြာနှောင့်နှေးမှုများ ရှိကြောင်း၊ ယမန်နှစ်များထက် ဈေးအနည်း ငယ် ကျဆင်းခဲ့ပြီး ၀ဥ၀ယ်ယူရာတွင်လည်း ယမန်နှစ်က ပိဿာချိန်(၇၀၀၀၀)ကျော် ၀ယ် ယူရရှိခဲ့ရာမှ ယခုနှစ်တွင် ပိဿာချိန် (၅၀၀၀၀)ခန့်လောက်သာ ၀ယ်ယူရရှိခဲ့ကြောင်း ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာရှိ ပွဲရုံပိုင်ရှင်ဒေါ်ပျို ထံမှ သိရသည်။

၀ဥများကို ကိုဗစ်-၁၉ ကာလအတွင်း ပွဲရုံများသို့တင်ပို့ခြင်းကို‌ ခေတ္တယာယီရပ်နားထားခဲ့ပြီး ယမန်နှစ်များက ပိုင်ကျုံမြို့မှ ဘားအံ၊ မော်လမြိုင်၊ မန္တလေး၊ မူဆည်၊ ရွှေလီမြို့များရှိ ပွဲရုံများသို့ တင်ပို့ပြီး ထိုမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ 

ပိုင်ကျုံ(ပြန်/ဆက်)