ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး နံရံပန်းချီများကို လေ့လာနိုင်

ညောင်ဦး  စက်တင်ဘာ  ၂၇ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ခဲ့ပါက ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး၊ အလွန်ရှေးကျသည့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။         

ဝတ္ထနတောဘုရားအစုအဝေးသည် အလိုတော်ပြည့်ဘုရားအရှေ့တောင်ဘက်တွင် တည်ရှိပြီး အင်္ဂတေပန်းအလှများစွာရှိနေသေးပြီး ‌ရှေးဟောင်းအဆောက်အအုံများစိတ်ဝင်စားသူ မည်သူမဆိုလာရောက်လေ့လာနိုင်ပြီး ဘုရားအမှတ် ၃၅၉ ဂူဘုရားသည် မုခ်လေးမုခ်ပါရှိကာ ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူဆင်းတုတော်တစ်ဆူစီတည်ထားပါရှိပြီး ထိုင်တော်မူ ဆင်းတုတော်ကပ်လျှက် အဂ္ဂသာဝကနှစ်ဦး ကပ်လျက်တည်ရှိသည်။ ဂူဘုရားအတွင်း မျက်နှာကျက်ပေါ်များနှင့်နံရံများပေါ်တွင် ပုဂံခေတ်နံရံဆေးရေးပန်းချီများနှင့် တိုက်မအလယ် လေးထောင့်မဏ္ဍိုင်ကြီးဖြင့် အမိုးပေါင်းမိုးအားထောက်ကာ တည်ဆောက်ထားပြီး အဆိုပါ လေးထောင့်မဏ္ဍိုင်ကြီးအောက်ခြေတွင် အရပ်လေးမျက်နှာလှည့် ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူဆင်းတုတော်တစ်ဆူစီနှင့် အဂ္ဂသာဝကနှစ်ဦးစီထုလုပ် တည်ဆောက်ကိုးကွယ်ထား သည်။

ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားများကိုလည်း ဖူးမြော်လေ့လာနိုင်ကာ တောင်ဘက်တွင် စူဠာမဏိဂူဘုရား၊ သပိတ်မှောက်ဂူဘုရား၊ အနောက်ဘက်ကပ်လျက်တွင် ဘုရားအမှတ် ၃၅၇ ဘုရား၊ ဗူးလည်သီးဘုရား၊ အနောက်မြောက်ဘက်တွင် အလိုတော်ပြည့်ဘုရား၊ မြောက်ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်းနှင့်အရှေ့ဘက်တွင် ဆူးလေကုန်းဘုရားစုတို့ကိုလည်း တစ်ဆက်တည်းဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း