ကျွန်းလှ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူဒေါ်ကြည်ကြည်မြင့်၏ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) မိုးစပါးစိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင့်ထူးက မိုးစပါးစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်ကြရန်နှင့် သိပ္ပံနည်ကျ စိုက်နည်းစနစ်လိုက်နာကျင့်သုံးကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက် သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ လယ်ယာမြေ ပျက်စီးမှု ထိန်းသိမ်းခြင်း၊ သီးနှံအထွက်နှုန်းကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၃ ဧက လျာထားပြီး ၃၄၀၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ