ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ပြုလုပ်

ရေဖြူ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရေဖြူမြို့နယ် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဥ် (၆/၂၀၂၃)အား ရေဖြူမြို့နယ် သမဝါယမအသင်းရုံး ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ မြို့နယ်အတွင်းမှ လုပ်ငန်းရှင်များပေါ်ပေါက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ စီးပွားဖြစ်လုပ်ကိုင်လိုသူများအနေဖြင့် မိမိတို့ဌာနနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ ဌာနမှလည်း လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြော​ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်ခဲ့​ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်ကာ ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်း အပါအဝင် နေ့စဥ် အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်း (၁၂) မျိုးကို လက်တွေ့ထုတ်လုပ်နိုင်သည်အထိ သင်တန်း နည်းပြများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဝေယံထွန်း(ရေဖြူ)