ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့ မွန်းလွဲ ()နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ  စာအုပ်ပါ  အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ ဆောင်းပါးနှင့် ပညာတက်ဖို့ စာဖတ်ရမည် ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ကျောင်းသားဘဝကို ဖြတ်သန်းလာရသော လူငယ်တစ်ဦးအနေဖြင့်၊ ဘဝခရီးမှာ တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်အောင် ပညာအမွေ စိတ်ဓာတ်အမွေ လက်ဆင့်ကမ်းရုံသာမက ကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြစုပျိုးထောင်အ​မွေပေးခဲ့သော ဆရာ၊ ဆရာမများမှာ ရာဂဏန်းမျှရှိမှာဖြစ်ပါကြောင်းနှင့်​ ကျောင်းစာများ လေ့လာဖတ်ရှုဖို့ လိုအပ်သလို အပြင်စာကို လေ့လာမှတ်သားဖို့လိုပါကြောင်း သုတစာပေဖတ်ရှုလျှင် သုတကြွယ်ဝပြီး ရသစာပေများများဖတ်လျှင် နှလုံးသားဖွံ့ဖြိုးမည်ဖြစ်ကြောင်း ရသစာပေအဖတ်နည်းလျှင်တော့ ရသခံစားမှုအားနည်းပြီး နှလုံးသားရိုင်းပြတတ်ပါကြောင်း သုတစာပေ အဖတ်နည်းလျှင် အသိအမြင်ဗဟုသုတ နည်းပါးမည်ဖြစ်ပါကြောင်း လူငယ်များအနေဖြင့် ခေတ်အလျောက် အာရုံကျက်စားရာ ဗီဒီယိုတို့ တီဗီဂိမ်းတို့ ကစားခုန်စားတို့ ထွေထွေပြားပြား ရှိနေချိန်တွင် စာဖတ်ဖို့အချိန်ကိုလည်း မရရအောင်ရှာပြီး စာဖြင့်မွေ့လျော်သည့်စိတ်ကို ပျိုးထောင်ရယူရန် တိုက်တွန်းလိုကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း