လွိုင်ကော် စက်တင်ဘာ ၂၇
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကယားပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်တွင် ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအဖြစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကယားပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီက ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအဆင့်ထိ သန်းခေါင်စာရင်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ်အတွင်း သတ်မှတ်ထားသည့် ရပ်ကွက်နှင့်ကျေးရွာများ၌ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူရာတွင် မှန်ကန်သည့် စာရင်းများရရှိအောင် ကောက်ယူနိုင်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ ကော်မတီအသီးသီးမှ တာဝန်ရှိသူများက စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြည်က ပြည်နယ်အတွင်းလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဉီးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ၊ သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ကယားပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)