ရေနံချောင်း စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူများ ဆီစားသုံးမှုဖူလုံပိုလျှံစေရန်အတွက် ယခုနှစ်စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို ယာမြေများနှင့် ကိုင်းမြေများတွင် အဓိကအားထားစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲသီးနှံကို ၅၂၃၂၆ ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ ၅၆၇၀၁ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံကို ၂၂၃၆၄ ဧကနှင့် နေကြာသီးနှံကို ၁၄၁၇ ဧကတို့ လျာထားစိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆီထွက်သီးနှံများကို ဒေသတွင်းဆီစက်လုပ်ငန်းရှင်များနှင့် ကုန်သည်ပွဲစားများက အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူမှုများရှိသလို တင်ပို့ရောင်းချမှုများလည်းရှိကြောင်းနှင့် တောင်သူများ ဆီစားသုံးမှုဖူလုံကာ သီးနှံဝင်ငွေရရှိသည့်အတွက် တွက်ချေကိုက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)