နတ်မောက်မြို့ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပ

နတ်မောက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး နတ်‌မောက်မြို့ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူ(အငယ်ဆင့်) ဉာဏစွမ်းရည်ပြိုင်ပွဲမှ ချိုးနှင့်ပုရွက်ဆိတ်(ပုံပြင်)၊ ငှက်ကလေး(ကဗျာ)၊ ငါး(ကဗျာ)၊ တာဝန်ကိုယ်စီ(ကဗျာ)၊ ရွှေကြက်ဖ(ကဗျာ)၊ ဥပုသ်စောင့်(သီချင်း)နှင့် See Banana (Song) တို့ကိုလည်းကောင်း၊ ဉာဏစွမ်းရည်ပြိုင်(အကြီးဆင့်) မှ သန့်ရှင်းသောလက်(ပုံပြင်)၊ ဆရာမမှာကြားချက်(ကဗျာ)၊ ဆင်(ကဗျာ)၊ ညီနောင်ငါးဦး(ကဗျာ)၊ ယုန်နှင့်လိပ် (ကဗျာ)၊ တံမြက်လှည်း(သီချင်း)၊ ပုရွက်ဆိတ် (သီချင်း)၊ သပြေသီးကောက်(သီချင်း)နှင့် Mummy Mummy I Love You (Song) တို့ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူ ကလေးငယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ဖြူဝင်း၊ ဆတ်သွား မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်အေးနန္ဒာတို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၏ မိဘများ၊ ဆရာ/မများနှင့် မူလတန်းကြိုကျောင်းရှိ ကလေးငယ်လေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း