ပုသိမ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပတ်သက်၍ မြေပြင်ဆောင်ရွက်နေမှု အခြေအနေအများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ဖော်ထုတ်ခဲ့သည့် ရလာဒ်များအရ တစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရန်၊ မိုးစပါး တစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအပြင် အဓိက သီးနှံအားလုံးပါဝင်ပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနတိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် စိုက်ဧကများ မှန်ကန်ရေး၊ အထွက်နှုန်းမှန်ကန်ရေးများအတွက်လည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီး ရေကြီးကွင်း၊ ရေနက်ကွင်းများ၊ ရေကျနောက်စိုက်ကွင်းများအားလုံး စပါးများစိုက်ပျိုးပြီးပါက အောက်တိုဘာလကုန်တွင် မိုးစပါးထွန်တုံးပိတ် ဆောက်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ အယ်နီညိုနှင့်ပတ်သက်၍ ရာသီဥတုဖောက်ပြန်မှုများ ရှိလာနိုင်သည့်အတွက် ရေကိုစနစ်တကျသုံးစွဲရေး ကြပ်မတ်ရန်၊ မြေဩဇာလုံလောက်စွာရရှိရေး တွက်ချက်ဆောင်ရွက်ရန် လမ်းညွှန်ချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့်လည်း အလ်နီညိုနှင့် ပတ်သက်၍ တိရစ္ဆာန်များတွင် ကူးစက်ရောဂါနှင့် အခြားရောဂါများဖြစ်ပွားနိုင်ခြင်း၊ ငါးဖမ်းလုပ်ကွက်များ ပြောင်းလဲနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် သား၊ ငါးမွေးမြူထုတ်လုပ်မှုများ ထိခိုက်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန် လိုပါကြောင်း၊ စိုက်ပျိုးရေးနှင့် တိုက်ရိုက်ဆက်နွယ်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအားလုံးအနေဖြင့် မြေပြင်ပေါ်ဖြစ်ပေါ်နေသည့် အနေအထားများ၊ မိမိတို့၏သက်ဆိုင်ရာ ဝန်ကြီးဌာများမှ အယ်နီညိုနှင့် ပတ်သက်၍ ဆောင်ရွက်ရန် လမ်းညွှန်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုပါကြောင်း၊ အောင်ရေရရှိရေးအတွက် ချောင်းပိတ်မြောင်းပိတ် ဆောင်ရွက်ထားရှိမှုများသည် တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများ ဖြစ်ရန်လိုပါကြောင်း၊ စပါးရိတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရန် ရိတ်သိမ်းခြွေလှေ့စက်မောင်း သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းများမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်မှုနှင့် ရိတ်သိမ်းချိန်လေ့လွင့် ဆုံးမှုလျော့နည်းမှု အခြေအနေများကိုလည်း တင်ပြပေးစေလိုပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်သုတေသန၊ ထုတ်လုပ်မှုသုတေသန လုပ်ငန်းများလည်း ဆောင်ရွက်ရန်လိုပြီး လုပ်ငန်းတိုးတက်မှုများကိုလည်း ပြန်လည်တင်ပြရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအား တာဝန်ယူထားသည့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်မျိုးစပါးများလွှမ်းခြုံနိုင်ရေး၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်လုပ်၍ အချိန်မီ စိုက်ပျိုးနိုင်ရေး စုဆောင်းထားရှိမှု၊ ဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံများအောင်မြင်အောင် စိုက်ပျိုးမှုအခြေအနေများကို တင်ပြပေးစေလိုကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး စံပြတိုင်းဖြစ်စေရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ဆွေးနွေးပေးကြစေလိုကြောင်း” အမှာများစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧက (၁၀)တင်းတိုးမြှင့်ထွက်ရှိရေး၊ ပိုက်ဆံလျှော်တိုင်းလုံးကျွတ်စိုက်ပျိုးနိုင်ရေး၊ ဆီဖူလုံမှုရရှိရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများအား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးကလည်းကောင်း၊ ၂ဝ၂၃ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများ၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ကလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထုတ်ချေးပေးမှုများ၊ စံပြမွေးမြူရေးဇုန်တည်ထောင်ရန် ကိစ္စများ၊ ပျားမွေးမြူရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများအား မွေးမြူရေးနှင့်ကုသရေဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ ငါး၊ ပုဇွန်တိုးချဲ့မွေးမြူ ထုတ်လုပ်နေမှုနှင့် စပ်လျဉ်း၍ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးကလည်းကောင်း၊ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးရိတ်သိမ်းမှုနှင့် စပ်လျဉ်း၍ အလေအလွင့်နည်းပါးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးမှူးတို့ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာသို့ သွားရောက်၍ တောင်သူဦးအေးလွင်၏ ဆင်းသုခအထွက်တိုး မျိုးစပါးပြောင်းလဲ စိုက်ပျိုးထားသည့် လယ်မြေ ၆ ဧကတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါး တစ်ဧက ၁၀ တင်းတိုးတက်ထွက်ရှိစေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ အချိုးကျသုံးစွဲ၍ အချိန်ကိုက် ထည့်သွင်းအသုံးပြုမှုနှင့် လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် မြေဆီလွှာပြုပြင်ခြင်းအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)များ ရာနှုန်းပြည့် ထည့်သွင်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး စပါးရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးအေးလွင်၏ ဆင်းသုခအထွက်တိုး မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာတွင် တစ်ဧကလျှင် ၁၁၈.၉၆တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)