ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်လျှပ်စစ်ခွဲရုံး အဆောက်အဦ‌ပေါ် သစ်ပင်လဲကျ၍ အမိုးအနည်းငယ်ထိခိုက်ပျက်စီး

ပွင့်ဖြူ စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝန်းရှိ သစ်ပင်လဲကျကာ မြို့နယ်လျှပ်စစ်ခွဲရုံး အဆောက်အဦပေါ်သို့ပိမှုဖြစ်ပွားခဲ့ပြီး အဆောက်အဦ၏ အမိုးအနည်းငယ် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် ၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအသင်းရုံးဝန်းရှိ သစ်ပင်လဲကျခဲ့ကာ မြို့နယ်လျှပ်စစ်ခွဲရုံး အဆောက်အဦပေါ်သို့ ပိမှုဖြစ်ပွားခဲ့သဖြင့် အဆောက်အဦ၏ အမိုးပြတင်းပေါက်နှင့်  မျက်နှာကြတ်အမိုး (၁)ခန်းထိခိုက်ပျက်စီးခြင်း၊ ရေစင်နှင့်ရေကန်တို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ပြီး အခြား လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်လျှပ်စစ်ခွဲရုံး ‌အဆောက်အဦပေါ်သို့လဲကျသည့် သစ်ပင်အား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက  မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြု စုပေါင်းခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)