ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ သဘာဝမြေဆွေး လက်တွေ့ပြုလုပ် ပြသသည့် သရုပ်ပြပွဲပြုလုပ်

ချောင်းဦး စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာများနှင့် ဆောင်းသီးနှံစိုက် တောင်သူများအား မြေဆီလွှာ အဟာရ ဖြည့်တင်းပေးသည့် စူပါဘိုကာရှီမြေဆွေး လက်တွေ့ပြုလုပ်ပြသသည့် သရုပ်ပြပွဲ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်ရှည်ကြာ စိုက်ပျိုးထုတ်လုပ်ခဲ့သည့်အတွက် မြေဆီလွှာအဟာရများ လျော့နည်းနေ၍ သီးနှံစိုက်ပျိုးသည့်အခါ ပန်းတိုင်အထွက်နှုန်း ထွက်ရှိအောင် မြေဆီလွှာအဟာရ ဖြည့်တင်းခြင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဓာတုမြေသြဇာများ သုံးစွဲခြင်းကိုလျော့ချပြီး သဘာဝမြေသြဇာ၊ မြေဆွေး ဖော်စပ်အသုံးပြုပေးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး မြေဆီလွှာအဟာရကို ဖြည့်တင်းဆောင်ရွက်နိုင်ကြောင်း၊ တောင်သူများ တပိုင်တနိုင် ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်သည့် စူပါဘိုကာရှီမြေဆွေး အလွယ်တကူ ဖော်စပ်နည်းကို လက်တွေ့ပြုလုပ် ပြသပေးခြင်းဖြစ်ကြောင်း ပြုလုပ်ပြသသည့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက လာရောက်လေ့လာသည့် ဌာနဆိုင်ရာများ၊ တောင်သူများကို ရှင်းပြသည်။ ထို့နောက် စူပါဘိုကာရှီ မြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းပြရာ နွားချေး(တိရိစ္ဆာန်အညစ်အကြေး)၊ စပါးခွံ၊ ဖွဲနု သုံးမျိုးကို ဆတူရောစပ်ပြီး EM ၁ လီတာ၊ တင်လဲရည် ၁ လီတာ၊ ရေ ၉၈ လီတာ ရောစပ်ထားသည့် ရေကို ရေပန်းခရားဖြင့် လောင်းပေးရကြောင်း၊ ရေလောင်းပေးနေယင်း အစိုဓာတ်ကို တိုင်းတာရာတွင် မြေဆွေးကို လက်ဖြင့်ဆုတ်ကြည့်ရာ လက်ကြားမှရေမထွက်ဘဲ ဆုတ်ထားသည့် အလုံးမကွဲလျင် အချိုးအစား မှန်ကန်ပြီဖြစ်ကြောင်း၊ ဖော်စပ်ထားသည့် မြေဆွေးကို လေလုံအိတ်များထဲ ထည့်သွင်း၍ အလုံပိတ်ပြီး လေဝင်လေထွက်ကောင်း နေရောင်တိုက်ရိုက် မကျသည့် အရိပ်အောက်တွင် ၁၄ ရက်ထားရကြောင်း၊ ၁၄ ရက်ကြာထားပြီးသည့်အိတ်ကို ဖွင့်၍ လေသလပ်ခံကာ အသုံးပြုလို့ရပြီ ဖြစ်ကြောင်း၊ မကုန်လျင်လည်း အိတ်ထဲထည့်သိမ်းပြီး ၆ လခန့်အထိထားပြီး သုံးစွဲလို့ရကြောင်း၊ ယာမြေ တဧကကို ပိသာချိန်၂၀ ပါအိတ် ၂၅ အိတ်ခန့်ထည့်သွင်း အသုံးပြုရကြောင်း၊ အများကြီး မလုပ်နိုင်လျင်လည်း လုပ်နိုင်သလောက် ပြုလုပ်ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာအဟာရ ဖြည့်တင်းပေးပြီး သီးနှံအထွက်တိုးမှာ ဖြစ်ကြောင်း၊ နေရာဒေသအလိုက် စူပါဘိုကာရှီ မြေဆွေးဖော်စပ်ပုံ ပြောင်းလဲနိုင်ကြောင်း ရှင်းပြသည်။

သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးညွန့်အောင်နှင့် ဌာနဆိုင်ရာများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်နေသည့် တောင်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး မရှင်းလင်းသည့်အချက်များ မေးမြန်းသည့် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများမှ  သဘောပေါက်နားလည်ပြီး ကိုယ်တိုင်ပြန်လည်ဖော်စပ် အသုံးပြနိုင်အောင် လက်တွေ့ပြုလုပ် ပြသရှင်းပြခဲ့သည်။

ဝင်းမြင့်အောင်(ပြန်ဆက်)