ကြံခင်း စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "ဆေးလိပ်၊ ဆေးရွက်ကြီးတို့မလို စားရေရိက္ခာကိုသာလို" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အထိမ်းအမှတ်နေ့များအား သိရှိစေရန်နှင့် ဖြတ်ထိုးဉာဏ် ဖွံ့ဖြိုးထက်မြက်စေရန်၊ အသိပညာဗဟုသုတ စုံလင်စွာရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပြီးနောက်၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းအား ရှင်းလင်းပြောကြားပါသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲ စတင်ကျင်းပရာ "ဆေးလိပ်၊ ဆေးရွက်ကြီးတို့မလို စားရေရိက္ခာကိုသာလို" ခေါင်းစဉ်ဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (G-9) ကျောင်းသား/သူ (၃၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/သူများအား မြို့နယ်(Community Centre)ခန်းမတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)