နေအိမ်တွင် ဇီဝဇိုးငှက်အိမ်များ ပြုလုပ်မွေးမြူလျက်ရှိသည့် ပုလောမြို့ဒေသခံတစ်ဦးနှင့် တွေ့ဆုံမေးမြန်း

ပုလော  စက်တင်ဘာ   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူနေအိမ်အချို့တွင် ငှက်အိမ်များ ပြုလုပ်ပေးခြင်းဖြင့် အဖိုးတန်ငှက်သိုက်များရရှိကာ မိသားစု စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်သည် မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိပြီး တောတောင်ရေမြေ သဘာဝအလှအပ  ရှုမျှော်ခင်းများဖြင့် ပြည့်စုံကြွယ်ဝလျက်ရှိတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါသည်။ ဒေသခံပြည်သူအများစုရဲ့ အဓိကစီးပွားရေးလုပ်ငန်းမှာ အများစုက ရာဘာပင်၊ ကွမ်းသီး ပင်၊ ဒူးရင်းပင် စတဲ့ နှစ်ရှည် သီးနှံကို စိုက်ပျိုးကြပြီး အနည်းစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည်။

ဒေသရဲ့အဓိက ထုတ်ကုန်မှာ ရာဘာ၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ဝက်အူချောင်း အနည်းငယ်ထုတ်လုပ်ပြီး ယခုအခါမှာ ဇီဝဇိုးငှက်များမှရရှိတဲ့ ငှက်သိုက်များကို ထုတ်ကုန်အဖြစ် ဆောင်ရွက်လာကြသည်။

ဇီဝဇိုးငှက်များကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းများပေါ်တွင် တွေ့ရတတ်ပြီး ယခုအခါတွင် လူနေအိမ်တစ်ချို့၌ ငှက်အိမ်များ ပြုလုပ်ပေးခြင်းဖြင့် ဇီဝဇိုးငှက်များလာရောက် နားခိုကျက်စားရာမှ အသိုက်များပြုလုပ်၍ အဖိုးတန်ငှက်သိုက်များရရှိကာမိသားစုစီးပွားရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

ဒေသ၏ထွက်ကုန်တစ်မျိုးဖြစ်တဲ့ ဇီဝဇိုးငှက်မှရရှိသည့် ငှက်သိုက်လုပ်ငန်း ဆောင်ရွက်နေသူ ပုလောမြို့မှ ဦးကြည်ဟိုနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-

မေး။    ငှက်သိုက်အိမ်များ စတင် တည်ဆောက်ပေးရတဲ့ အကြောင်းအရင်းကို သိပါရစေရှင်။

ဖြေ။ ဇီဝဇိုးငှက်လေးတွေရဲ့ သွားလာနေထိုင်ပုံ၊ အကျင့်စရိုက် လက္ခဏာနှင့် သဘာဝတရားရဲ့ အလှအပကိုခံစားမိ၍ သဘောကျကာ ငှက်အိမ်လေးများကို တည်ဆောက်ပေးရခြင်း ဖြစ်ပါတယ်။

မေး။    ငှက်သိုက်အိမ် ဖြစ်ပေါ်လာအောင် ပုံဖော်တည်ဆောက်ရပုံနှင့် ခန့်မှန်းကုန်ကျစရိတ်ကို သိပါရစေရှင်။

ဖြေ။  ငှက်သိုက်မွေးမြူခြင်းလုပ်ငန်းကို ထိုင်း၊ မလေးရှား၊ အင်ဒိုးနီးရှားနှင့် မြန်မာနိုင်ငံများတွင် တွေ့မြင်ရတတ်ပြီး၊ သူတို့တွေဆီက နည်းပညာကို ရယူ၍ ငှက်အိမ်ကို တည်ဆောက်ပေးကြပါတယ်။ ပုလောမြို့နယ်မှာတော့ အများအားဖြင့် ငှက်အိမ်ရယ်လို့ သီးခြားတည်ဆောက်ပေးတာမျိုး မရှိဘဲ လူနေအိမ်များရဲ့ အပေါ်ထပ်တွင် ငှက်များ နားခိုနေနိုင်အောင် အခန်းများဖွဲ့၍ ပြင်ဆင်ပေးကြတာပါ။ သူတို့အသိုက် ပြုလုပ်နိုင်ဖို့အတွက် အခန်းများ ဖွဲ့ပေးတဲ့နေရာမှာ သစ်သားများနှင့် ကာရံထားသော်လည်း သစ်ရဲ့ မာကြောမှုကြောင့် ငှက်များ အသိုက်ပြုလုပ်မှုနည်းပါး၍ သင်ဖျာများဖြင့် ပံ့ပိုး ဝိုင်းရံပေးကြရပါတယ်။ သင်ဖျာများပေါ်တွင် ငှက်များက ပို၍ အသိုက်ပြုလုပ်ကြတာကို တွေ့ရတယ်။

မေး။    ငှက်သိုက်အိမ်ကို ငှက်များဝင်ရောက်နားခိုလာအောင် ဘယ်လိုခေါ်ဆောင်ပေးရသလဲရှင်။

ဖြေ။    ဇီဝဇိုးငှက်တို့ရဲ့ သာယာချိုမြိန်သော အသံ၊ အဖိုအမ မြူးသံတွေပါတဲ့ တေးသီချင်းသံကို ဖွင့်လှစ် ပေးခြင်းဖြင့် ငှက်များကို ဝင်ရောက်လာဖို့ မြူဆွယ်ပေးရပါတယ်။

မေး။   ငှက်သိုက်အိမ်ပြုလုပ်ပြီး အချိန်ဘယ်လောက်ကြာကြာနေမှ ငှက်များဝင်ရောက်နိုင်ပါသလဲ၊

ခန့်မှန်းကြာချိန် သိပါရစေရှင်။

ဖြေ။    ဇီဝဇိုးငှက်တွေကို တေးသီချင်းဖြင့် မြူဆွယ်၍ ခေါ်တဲ့နေရာမှာ တစ်ချို့အိမ်တွေက ချက်ချင်း ဝင်ရောက်၍ အသိုက်ပြုလုပ်ကြတယ်။ တစ်ချို့အိမ်တွေက တစ်လ၊ နှစ်လကြာမှ ဝင်ရောက် လာတာကို တွေ့ရတယ်။

မေး။   ငှက်သိုက်အိမ်ကို ဘယ်လိုပြုစု ပျိုးထောင်ပေးရပါသလဲရှင်။

ဖြေ။    အဓိကကတော့ သူတို့လေးတွေ အန္တရာယ်မဖြစ်စေဖို့  ကြွက်၊ အိမ်မြောင်၊ တောက်တဲ့၊ ဂျိုးသိမ်း ငှက်များရန်မှ ကာကွယ်ပေးဖို့လိုတယ်။ ငှက်ချေးများကိုလည်း သန့်ရှင်းရေးပြုလုပ်ပေးရတယ်။ နွေရာသီဆိုရင်တော့ ငှက်များ ရေသောက်နိုင်ဖို့အတွက် ရေပန်းဖြင့် ပြုလုပ်ထားတဲ့ ရေတံခွန် လေးများဖြင့် ဖွင့်ပေးရတယ်။ မိုးရာသီဆိုရင်တော့ ရေသုံးဖို့ မလိုပါဘူး၊ ဇီဝဇိုးငှက်လေးတွေက အလင်းရောင် ကိုတော့ သဘောကျတာမတွေ့ရပါဘူး ခင်ဗျာ။

မေး။   ငှက်သိုက်ကို ဘယ်လိုရရှိပါသလဲရှင်။

ဖြေ။    ဇီဝဇိုးငှက်တွေက ထူးခြားတယ်ဗျ။ ငှက်ရဲ့သဘောတရားက သူတို့ရဲ့အသိုက်ကို သစ်ရွက်ခြောက် တွေနဲ့ ဖွဲ့စည်းတည်ဆောက်ကြတယ် ဆိုပေမယ့် ဇီဝဇိုးငှက်တွေကတော့ သူတို့ရဲ့ တံတွေးကို အသိုက် ပြုလုပ်ကြတယ်ဗျ။ အဲဒီ တံတွေး(တစ်နည်းပြောရရင်) အန်ဖတ် ပေါ့။ အဲဒီ အန်ဖတ်(ခေါ် ) ငှက်သိုက်ကို စားသုံး ကြတာပါ။

မေး။   ငှက်အန်ဖတ်ကို ဘယ်လောက်ကြာမှကောက်၍ ရပါသလဲ။ တစ်နှစ်ကို ဘယ်နှစ်ကြိမ် ကောက်လို့ရပါ သလဲရှင်။

ဖြေ။    ကျွန်တော်ကတော့ စီးပွားဖြစ်မွေးမြူတာမျိုးမဟုတ်ဘူးဆိုတော့ နှစ်နှစ်ကြာမှ ကောက်ဖြစ်ပါတယ်။ တစ်ချို့ကတော့ ၆ လ (သို့မဟုတ်) တစ်နှစ် ကြာ ကောက်ကြပါတယ်။

မေး။   ငှက်သိုက်ကို ဘယ်လိုအသုံးပြု၍ ရနိုင်ပါသလဲရှင်။ လူတွေအတွက် ငှက်သိုက် အသုံးပြုခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်သလဲရှင်။

ဖြေ။    ငှက်သိုက်မှာ ပါတဲ့ အမွေးအမျှင်လေးများကို ဖယ်ရှားရှင်းလင်းပြီး ပေါင်းပြီး စားသုံးကြပါတယ်၊ သက်ကြီး ရွယ်အိုတွေ၊ နာလန်ထစ လူနာတွေ ၊ အစားမဝင်တဲ့ သူတွေအတွက် အာဟာရဖြစ်တဲ့ အစာ တစ်ခုအဖြစ် သုံးစွဲကြပါတယ်။

မေး။   ငှက်သိုက်ကို ဈေးကွက်မှာ ဘယ်လိုရောင်းချကြပါသလဲရှင်။

ဖြေ။    ပုလောမြို့နယ်အနေနဲ့ ဈေးကွက်ဆိုတာမျိုးတော့ သီးခြားမရှိပါဘူး၊ မြိတ်မြို့မှာပဲ သွားရောက်ရောင်းချကြပါတယ်။

မေး။   ဇီဝဇိုးငှက်သိုက်က သဘာဝအလျောက်ဖြစ်ပေါ်လာတာဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိနိုင်ပါသလားရှင်။

ဖြေ။    သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှု မရှိပါဘူး ခင်ဗျာ။

မေး။   ငှက်သိုက်မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့နဲ့ ပြည်တွင်း ထုတ်ကုန် အနေဖြင့် ထုတ်ချင်တဲ့ ပြည်သူများအား ဘာများပြောချင်ပါသလဲရှင်။

ဖြေ။    ငှက်သိုက်အိမ်ကို တစ်ကြိမ်ပြုလုပ်ပေးထားရုံနဲ့ ဝင်ငွေများရရှိနိုင်ကြောင်း၊ သက်သက်သာသာနဲ့ အသက် မွေးဝမ်းကျောင်း ပြုလုပ်နိုင်တဲ့ သမာအာဇီဝကျတဲ့ စီးပွားရေးတစ်ခုဖြစ်ကြောင်း၊ ငှက်သိုက်က ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အတွက် အစာအာဟာရဖြစ်တာကြောင့် ကုသိုလ်လည်းရ ဝမ်းစာရေးအတွက်လည်း အထောက်အကူဖြစ်ကြောင်း ပြောပြချင်ပါတယ်။

ဇီဝဇိုးငှက်များက သူတို့ရဲ့တံတွေးဖြင့် အသိုက်များပြုလုပ်၍ နေထိုင်ကြပါသည်။ သူတို့ရဲ့တံတွေး (တစ်နည်းအားဖြင့်) အန်ဖတ်ကို ပြုလုပ်ထားတဲ့ အသိုက်ကို ငှက်သိုက်ဟုခေါ်ကြပြီး၊ လူအများက အဲဒီငှက်သိုက်ကို ဆေးဝါးအဖြစ်လည်းကောင်း၊ အာဟာရဓာတ်စာအဖြစ်လည်းကောင်း မှီဝဲသုံးစွဲကြသည်။ ဇီဝဇိုးသိုက်က ပြည်တွင်းသာမက နိုင်ငံခြားတွင်လည်း လူကြိုက်များသောကြောင့် နိုင်ငံခြား ဝင်ငွေ ရရှိနိုင်သည့် ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဇီဝဇိုးငှက်များ လာရောက် နားခိုကျက်စားခြင်းဖြင့် အဖိုးတန်ငှက်သိုက်များရရှိကာ မိသားစု စီးပွားရေးတစ်ဖက်တစ်လှမ်းမှ ဝင်ငွေများရရှိလျက်ရှိကြောင်းကို တင်ပြလိုက်ရသည်။

အေးအေးမော်(ပုလော)