နတ်မောက်မြို့နယ်အတွင်း၌ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့်  မိသားစု အပိုဝင်ငွေရရှိ

နတ်မောက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း အင်းကုန်းကျေးရွာမှ တောင်သူ ဦးဖိုးကောင်းထံက သိရသည်။

ဒေသခံတောင်သူအများစုသည် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် နှမ်း၊ မြေပဲ၊ ချည်မျှင်ရှည်ဝါ၊ နေကြာများစိုက်ပျိုးသည့်အပြင် ရာသီအလိုက် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချနေကြကြောင်း၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရာတွင် မိမိတို့၏ ဉယျာဉ်ခြံမြေနှင့်ယာမြေများတွင် အဝီစိရေတွင်းများတူး၍  လက်စွဲမီးစက်(ဒိုင်းရှင်း)ဖြင့် ဖရုံ၊ ချဉ်ပေါင်၊ ကန်စွန်း၊ မုံလာဥ ဖြူ၊ ဆလတ်၊ ဘူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်၊တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ နံနံပင်၊ ငရုတ်၊ ရုံးပတီသီး၊  မုံညင်းပင်၊ ကြက်ဟင်းခါးသီး၊ သခွားစသည့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့်အခါတွင် ထယ်ရေးပြုပြင်ပြီးမြေများပေါ်တွင်  ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့  Super ဘိုကာရှီ၊ သဘာမြေဆွေးများဖြစ်တဲ့ နွားချေး၊ ဆိတ်ချေး၊ သိုးချေးများ၊ အပင်အားတိုးဆေးများကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြကြောင်း အင်းကုန်းကျေးရွာရှိ စိုက်ပျိုးရောင်းချသူ ဦးစိုးက ပြောသည်။

ထွက်ရှိလာတဲ့ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း သွားရောက်ရောင်းချခြင်း၊ မိမိယာမြေများတွင် လက်ကားဖြန့်ဖြူးခြင်းနှင့် ရပ်ကွက်အတွင်းသို့ လှည့်လည်ရောင်းချခြင်းများကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မူမူစန်း