လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများနှင့်ပတ်သက်၍ နောင်ထပ်မံ မဖြစ်ပွားစေရေး လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး စက်တင်ဘာ ၂၇

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP) မူကြမ်း ရေးဆွဲပြုစုရေး ချင်းပြည်နယ်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း(SOP) မူကြမ်းရေးဆွဲပြုစုရေး ချင်းပြည်နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က  ယမန်နေ့က ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် SOP ရေးဆွဲပြုစုရေး ချင်းပြည်နယ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ SOP မူကြမ်းရေးဆွဲရာတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို မထိပါးစေရေး၊ အိမ်တိုင်းအိမ်ခြံဝင်း စိုက်ခင်းငယ်ရှိစေရေးနှင့် ပြည်သူလူထုအား အသိပညာပေးရာတွင် လွယ်ကူစေရေးတို့ကို ထည့်သွင်းစဉ်းစား၍ ရေးဆွဲရန်လိုကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အကြံပြုဆွေးနွေး တင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။       

ထို့နောက် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) မူကြမ်းရေးဆွဲပြုစုရေး၊ ချင်းပြည်နယ်ကော်မတီအဖွဲ့ဝင်၊ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာမင်းနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းတို့က SOP မူကြမ်းကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ် စိုက်ပျိုုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က SOP မူကြမ်းကို ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ တင်ပြသည့် မူကြမ်းကို အခြေခံ၍ ရေးဆွဲနိုင်ရေး ထပ်မံညှိနှိုင်းဆွေးနွေးရန်နှင့် SOP ကို ရပ်ကွက်/ကျေးရွာအဆင့်ထိ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြကာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။      

ခရိုင် (ပြန်/ဆက်)