မင်းကင်း အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အသုံးပြု မည့် ဆန္ဒမဲလက်မှတ် များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယနေ့နေ့လယ်ပိုင်းက စတင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ မင်းရာဇာခန်းမ တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဖွင့်ဖောက်စစ်ဆေးရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ် အရေအတွက် ပြည့်/မပြည့်၊ စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲ လက် မှတ်ပါဝင်မှု ရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရ မည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ ၏ အမည်၊ အသုံးပြု သင်္ကေတ (Logo) များ မှန်ကန်မှု ရှိ/မရှိ တို့ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
မင်းကင်းမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များမှာ ပြည်သူ့လွှတ်တော်အတွက်(၂၃၅)အုပ်၊ အမျိုးသား လွှတ်တော်အတွက်(၂၃၅)အုပ်၊ အမှတ်(၁)တိုင်း ဒေသကြီးလွှတ်တော်အတွက် (၉၆၆) အုပ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်အတွက် (၁၀၅၈) အုပ်၊ ရှမ်းကိုယ်စားလှယ်အတွက်(၂၅)အုပ်၊ ချင်း ကိုယ်စားလှယ် အတွက်(၁၆)အုပ် စုစုပေါင်းဆန္ဒမဲလက်မှတ် (၂၅၃၅) အုပ်တို့ရှိပြီး ယင်းလက်မှတ်တို့ကို နေ့ချင်းပြီး စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူး ဒေါ်ဖြူဖြူသင်းထံမှ သိရှိရသည်။
မေသက် (ပြန်/ဆက်)