နတ်မောက်မြို့၌ ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်လျှော့ချသုံးစွဲရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်လျှော့ချသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးရောင်းချရာတွင် သဘာပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖတ်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်  ဂေဟစနစ်ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများ ဖြစ်ပေါ်စေပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့မဈေးအတွင်း/အပြင်ရှိ ဈေးရောင်းဆိုင်များအနေဖြင့်  သတ်မှတ်ထားသည့် ဈေးစည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များအားပူးပေါင်း၍ လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ဈေးတာဝန်ခံနှင့် မြို့မဈေးအတွင်း/အပြင်ရှိ ဈေးသူ/သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မူမူစန်း