ထားဝယ် စက်တင်ဘာ ၂၇
မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်စာရင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ (စ)အရ မှတ်ပုံတင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင် ဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုလည်းကောင်း စည်းရုံးရမည် ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃(က)အရ မိမိတို့ ပါတီစည်းရုံး ရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံဖြင့် ပြုစုတင်ပြရမည် ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့်ပါတီ(၂)ခုမှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အား စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ပေးပို့၍ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင် စာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တူသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည့်အပြင် ဝန်ထမ်းများ ပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိ သည့်ပါတီဝင်များ ပါဝင်နေခြင်းတို့ကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများမှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင်အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများကပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးသန့်ဇင်၊ နိုင်ငံရေးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများတို့က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)