မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဘားအံ စက်တင်ဘာ ၂၇

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်ကဏ္ဍ(၁၆) ရပ်ကို ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်အဆင့်ထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ် လူငယ်ကော်မတီများဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လူငယ်များသည်အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပေးနိုင်သော အင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် နယ်ပယ်ပေါင်းစုံတွင် လူငယ်များပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ လူငယ်များပူးပေါင်း ဆောင်ရွက်မှုခိုင်မာ အားကောင်းလာမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွဲ့စည်းတိုးတက်သည့် သဟဇာတဖြစ်သည့် လူမှုအသိုင်းအဝိုင်းကို တည်ထောင်နိုင်ကာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ဖွံ့ဖြိုးရေး ဆိုင်ရာအဓိကဏ္ဍ (၁၆) ခု၊ ဦးစားပေးဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်(၅၈)ခု၊ ဆောင်ရွက်ချက်(၁၂၁) ခုအနက် လက်ငင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရန်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကိုလည်း အကြံပြုဆွေးနွေးတင်ပြကြစေလိုကာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်နှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူးဦးစိုးနိုင်က ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းထားရှိမှု၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကာ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့်လျာထားလုပ်ငန်းစဉ်များ၊ အသုံးစရိတ်လျာထားတင်ပြချက်များ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အဆင့်မြင့်နှင့်အခြေခံပညာအဆင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လုပ်ငန်းညှိနှိုင်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူငယ်ရေးရာဦးစီးဌာနအတွက် ငွေကျပ် သိန်း(၅၀)ကို ပြည်ထောင်စု ဒုတိယဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း အထူးတန်းပွဲကြည့်စင် မြေညီထပ်၌ လူငယ်ရေးရာကော်မတီရုံးဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ဇွဲကပင်အားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)