ဟင်္သာတ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊အစိုးရနည်းပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၉ နာရီက လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် "လူငယ်စကားဝိုင်း" ကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် "ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပရခြင်းကြောင့် နိုင်ငံတော်အတွက် အလေးထားအားထားရမည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်စေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်ဆိုသည့် လူမှုဦးတည်ချက် (၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာစွမ်းရည်ပြည့်ဝသည့် ကျောင်းသား/သူ လူငယ်များဖြင့် အခြေခံတည်ဆောက်ရမည်ဖြစ်ကြောင်း၊ လူငယ်စကားဝိုင်းများကျင်းပခြင်းဖြင့် အသိပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြော စွမ်းရည်တိုးတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာဖလှယ်ပြီး အတွေ့အကြုံသစ်များ ရရှိစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များရှိပါကြောင်း၊ တက်ရောက်လာကြသည့် ကျောင်းသား/သူများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း "ထည့်သွင်းပြောကြားခဲ့ပြီး အစ်ိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကို အစီအစဥ်ညှိနှိုင်းရေးမှူးအဖြစ် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ပါဝင်ဆောင်ရွက်ပေးပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့် တီထွင်ဖန်တီးမှု"၊ "လူငယ်နှင့်မူးယစ်ဆေး"၊ "လူငယ်နှင့် ဆိုရှယ်မီဒီယာ အသုံးပြုခြင်းနှင့် အင်တာနက်အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ"၊ "လူငယ်နှင့် စဥ်ဆက်မပြတ် လေ့လာသင်ယူမှု"၊ "သက်မွေးပညာနှင့် အနာဂတ် လူငယ်ဘဝ"စသည့် ခေါင်းစဥ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်ပရိတ်သတ်များက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းတို့မှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
လူငယ်စကားဝိုင်းအပြီးတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် "ကလေးအလုပ်သမား ပပျောက်ရေး"၊ "မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး"၊ "လူကုန်ကူးမှု တားဆီးကာကွယ်ရေး" နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)