ထားဝယ် စက်တင်ဘာ ၂၆
နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က လူငယ်များအနေဖြင့် အနာဂတ်တွင်အောင်မြင်သောလူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိ သောစာပေနှင့် အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီးရရှိသော အသိပညာဗဟုသုတများကို မိမိ၏ မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူအချင်းချင်း၊ လူငယ်များအချင်းချင်းညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြော ပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန်လိုအပ်ကြောင်း၊ ကျောင်း သား/သူများ အနေဖြင့်တန်ဖိုးရှိသော လူတစ်ယောက်ဖြစ်လာနိုင်စေရန်၊ အလေ့အကျင့်ကောင်းများရရှိစေရန်၊ ယခုလိုလူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၃)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-8 ကျောင်းသား မောင်စည်သူဝင်းပြည့်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 ကျောင်းသား မောင်ထက်ဝေဖြိုးက လူငယ်နှင့် မူးယစ်ဆေး၊ Grade-9 ကျောင်းသားမောင်ရှင်းသန့်အောင်က လူငယ်နှင့်အားကစား၊ Grade-6 ကျောင်းသူ မချိုလွင်လွင်ဇော်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade-8 ကျောင်းသူ မမေသံစဉ်ကိုက လူငယ်နှင့်စာရိတ္တ၊ Grade-10ကျောင်းသူ မမေဝဿန်ဦးက လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်က ဆွေးနွေးပြောကြားသောကျောင်းသား/သူများ အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီးဦးလွင်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအားပြသခဲ့ကြောင်းနှင့် စာအုပ်စာစောင်များအား ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)