အ.ထ.က(၄) ပြည်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း"ကျင်းပ

ပြည် စက်တင်ဘာ ၂၆

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ် မောင်မယ်များအား ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်လူငယ်များ ပေါ်ထွန်းလာရေးမျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်သော "လူငယ်စကားဝိုင်း" ကို ယနေ့နံနက် ၁၀နာရီက ပြည်မြို့အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း "ပညာ့ရိပ်မွန်" ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးမှုစတင်သည်။

"လူငယ်စကားဝိုင်း"တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးညီညီဘိုတို့က ညှိနှိုင်းရေးမှူး (Moderater) များအဖြစ် ဆောင်ရွက်ကြပြီး အ.ထ.က (၄) ပြည် Grade-10 မှ မောင်အောင်ခန့်သူက "လူငယ်နှင့်စာပေ"၊ Grade-11မှ မောင်လင်းဇေယျာအောင်က "လူငယ်နှင့်သဘာဝပတ်ဝန်းကျင်"၊ Grade-10မှ မဟန်စုဇင်က "လူငယ်နှင့်အားကစား"၊ Grade-11မှ မလင်းယဉ်မွန်ကျော်က  "လူငယ်နှင့်ဆိုရှယ်မီဒီယာ"၊ Grade-10မှ မအိမွန်ဖြူက "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်တို့ဖြင့် ကဏ္ဍအလိုက် သိမှတ်မဖွယ်ရာအကြောင်းများကို ဦးဆောင်ပြောဆိုဆွေးနွေးကြသည်။

ယင်းနောက် အဆိုပါကဏ္ဍအလိုက် ဆွေးနွေးမှုများအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကသိရှိလိုများ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက်  ပြန်လည်ဖြေကြားပေးကြသည်။ ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူးက လူငယ်စကားဝိုင်း ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပြီး ပါဝင်ဆွေးနွေးသူများအား ကျေးဇူးတင်အားပေးစကားပြောကြားသည်။

ထို့နောက်  ပြည်ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြောင်းသိရသည်။

ကိုဆက် (ပြန်/ဆက်)