ကျိုက်လတ် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ယဥ်လှက ''အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"ဆောင်းပါး၊ ဦးအောင်ဇာနည်ထွန်းက "သူတို့ပြောတဲ့ မြန်မာအကြောင်း" ဆောင်းပါးနှင့် Book Club အဖွဲ့ဝင် ဦးအေးမြင့်က '' ပညာတတ်ဖို့ စာဖတ်ရမည်" ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ဆောင်းပါးများတွင် ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်