ဘုတ်ပြင်း စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို တက်ရောက် လာသည့် သင်တန်းသားသင်တန်းသူများအနေဖြင့် အခမ်းအနားမှူးတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အသိပညာ၊ အတတ်ပညာများကို သင်တန်းနည်းပြများက သင်ကြားပေးသည့် စာတွေ့လက်တွေ့ဘာသာရပ်များကို ဂရုတစိုက် လေ့လာမှတ်သားကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်က မြို့နယ်၊ ခရိုင်၊ နိုင်ငံတော်အဆင့်အထိ အခမ်းအနားများတွင် ကဏ္ဍအလိုက် စနစ်တကျ အဆင်ပြေချောမွေ့စွာ အောင်မြင်ပြီး မြောက်အောင် ဆောင်ရွက်နိုင်တဲ့ အခမ်းအနားမှူးကောင်း တစ်ဦးဖြစ်စေရန်စသည့် သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းကို သင်တန်းနည်းပြများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ပို့ချခဲ့သည်။ အဆိုပါသင်တန်းကို ဘုတ်ပြင်းမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ သင်တန်းသားသင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ စာတွေလက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)