စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ပြည့်စုံရေး စစ်ဆေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ၊ စက်တင်ဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်သောနိုင်ငံရေးပါတီများအနက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေစိုက်သောနိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦး‌သောင်းဒန်က နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထားလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အရာရှိ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်လူ၀င်မှုရေးဦးစီးဌာနနှင့်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့က ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲအရာရှိများ၊ တိုင်းဒေသကြီးအတွင်း ပါတီရုံးခန်ဖွင့်လှစ်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ ရှမ်းနီ (တိုင်းလျံ) ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)