ဖြူး စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အဆိုးအရွားဆုံး ပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေး ဆွေးနွေးခြင်းကို တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဖြူးမြို့နယ်အမျိူးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဖြူးမြို့နယ်အမျိူးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဒေဝီမေက ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီရွှေက အဆိုးအရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာများအား အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးပွဲသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်အမျိူးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းပြည်သူများ တက်ရောက်ကြကြောင်းနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို(၅)နှစ် စီမံချက်(၃)ကြိမ်ဖြင့် (၁၅)နှစ် သက်မှတ်ဆောင်ရွက်ရန်လျာထားခဲ့ပြီး ပထမ (၅) နှစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ်များအား အဆိုးအရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်းများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဉပဒေများ၊ တိုင်ကြားနိုင်သည့်ဖြစ်ရပ်များအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)