ဝါးခယ်မ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်သူဦးရွှေပွား၏ ဆီစက်တွင် ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးဆီဖူလုံရေးသာမက ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးဆောင်ရွက်သွားရန်နှင့် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာများအား ဧက(၄၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ကြာဖြူကျေးရွာ တောင်သူဦးဝင်းဗိုလ်၏ နယူးဧရာ(၁) စပ်မျိုးစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ သီးနှံဖျက်ပိုးမကျရောက်စေရန် ကာကွယ်ရမည့်နည်းလမ်းများ၊ အထွက်နှုန်း ကောင်းမွန်စေရန် နည်းမှန်လမ်းမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးဇော်မျိုးထွန်း ဝက်ခြံတွင် ဝက်မကြီးကောင်ရေ (၁၀)ကောင်၊ ဝက်သားပေါက် ကောင်ရေ(၂၄)ကောင်၊ အသားတိုးဝက်ကောင်ရေ(၈၀)ကျော်တို့အား ကျေးမွေးပြုစု စောင့်ရှောက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)