ကွမ်းသီးပေါ်ချိန် အရောင်းအဝယ်အေးနေ၍ ကွမ်းသီးစိုက်တောင်သူများ ဈေးကောင်းရရန် မျှော်လင့်

လိပ်သို  စက်တင်ဘာ  ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းများပေါများ၍ နေထိုင်သူဒေသခံတောင်သူများမှာ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ရာမှ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ကွမ်းသီးပင် စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ကွမ်းသီးထွက်ရှိရာ ကျေးရွာအချို့၌ ကွမ်းသီးပေါ်ချိန် ပထမအပြန် ဆွတ်ခူးပြီးစီးသွားပြီဖြစ်သော်လည်း အရောင်းအဝယ်အေးနေ၍ တောင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

ကွမ်းသီးစိုက်ပျိုးသည့်ဒေသနေပြည်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း (၇) နှစ်ကျော် (၈) နှစ်တွင် အပွင့်များစတင်ထွက်ရှိပြီး အသီးများသီးကာ ခူးယူလျက်ရှိကြောင်း၊ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို (၃) ပြန်ခူးယူလေ့ရှိကြောင်း၊ ယခင်နှစ်များက ကွမ်းသီးဆွတ်ခူးချိန်တွင် ကွမ်းသီးအစို ခွဲသားများကို ဝယ်ယူစားသုံးသူများနှင့် ဝယ်ယူအခြောက်ပြုလုပ် သိုလှောင်ရောင်းချသူများ အဝယ်လိုက်၍ တောင်သူများအဆင်ပြေခဲ့သော်လည်း ယခုနှစ်တွင် ဝယ်ယူစားသုံးသူ နည်းပါးခြင်း၊ ဝယ်ယူအခြောက်ပြုလုပ် သိုလှောင်ရောင်းချသူများ မရှိသောကြောင့် တောင်သူများမှာ လုပ်အားခပေးချေရန်နှင့် မိသားစုအဆင်ပြေရန်အတွက် ဈေးကောင်း ရရှိရန်မျှော်လင့်နေကြောင်း သိရသည်။

ကွမ်းသီးအစိုခွဲသားများကို ဝယ်ယူစားသုံးသူ အနည်းငယ်ရှိသော်လည်း ယခင်နှစ်က တစ်ပိဿာကို (၂၅၀ဝိ/-)ကျပ် ရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပိဿာကို (၁၀၀ဝိ/-)ကျပ် မှ (၁၅၀ဝိ/-) ကျပ်သာ ရရှိသောကြောင့် ကွမ်းသီးခြံပိုင်ရှင်များက နေလှန်းအခြောက်ခံကာ သိုလှောင်ထားရှိနေရပြီး အဝယ်လိုက်လာရန်နှင့် ဈေးကောင်းရရှိလာရန် မျှော်လင့်လျက်ရှိနေကြကာ ဒုတိယအပြန် အသီးဆွတ်ခူးနိုင်ရန်အတွက် ပြင်ဆင်လျက်ရှိနေကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)