တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အရန်သားဖွား(၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်  စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့်ဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်း (ထားဝယ်ခရိုင်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မိမိဒေသ မိမိရပ်ရွာမှာရှိသော ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များကို ဒေသခံ (သင်တန်းရရှိထားသော) သင်တန်းသူများက အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် သင်ကြားပေးမည့် သင်တန်းဖွင့်ပွဲ ဖြစ်သည့်အတွက် အကျိုးရှိ၊ မင်္ဂလာရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းအထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုများ၊ အမျိုးသမီးများ၊ ကလေးများကို စောင့်ရှောက်နိုင်ရန်နှင့်အထောက်အကူဖြစ်နိုင်ရန်ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားဖြစ်သော အရန်သားဖွားဆရာမများကို မွေးထုတ်ပေးနိုင်ရန် ယခုသင်တန်းကို စီစဉ်ရခြင်းဖြစ်ကြောင်း၊ ထားဝယ်ခရိုင်တွင်(၄၀)ဦး၊ မြိတ်ခရိုင်(၄၀)ဦး၊ ကော့သောင်းခရိုင်(၄၀)ဦး တို့ကို သင်တန်း တက်ရောက်နိုင်ရေး၊ နေထိုင်စားသောက်မှု၊ သင်တန်းသူများအတွက် လက်စွဲစာအုပ်၊ အခြားစီမံ ပေါင်းစပ်မှုစသည့်တို့ကို ကျခံစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ကိုယ်ဝန်ဆောင်မိခင်တိုင်း  ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုရရှိစေရန်၊ ကျွမ်းကျင်သူနှင့်စနစ်တကျဘေးကင်းစွာ မွေးဖွားစေရန်၊ မီးတွင်းမိခင် စနစ်တကျစောင့်ရှောက်မှုရစေရန် စသည့်အချက်များသည် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အရေးကြီးဆုံး အခြေခံအချက်များဖြစ်ကြောင်း၊  သင်တန်းကာလ(၆)လအတွင်း စာတွေ့လက်တွေ့ သင်ယူကြသည့် အခါတွင် သေချာစွာနားလည်တက်ကျွမ်းစေရန် ကြိုးစားကျက်မှတ် သင်ယူလေ့လာပြီး လက်တွေ့လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊ သင်တန်းဖွင့်ပွဲမှသည် ပြီးဆုံးသည်အထိ  ကျွမ်းကျင်စွာ တတ်မြောက်အောင်မြင်ကြပြီး အရည်အသွေး ပြည့်ဝသော အရန်သွားဖွားဆရာမများဖြစ်ကြရန်နှင့် မိမိ ဒေသ၊ မိမိရပ်ရွာကို မိမိပညာဖြင့် ကောင်းမွန်စွာ စောင့်ရှောက်နိုင်သူ များဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်ငွေစံက အရန်သားဖွားသင်တန်းဖွင့်ရခြင်းရည်ရွယ် ချက်၊ အရန်သားဖွားဆရာမများ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်သားဖွားသင်တန်းသူ(၄၀)ဦးတို့က စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)