ကလေးဝမြို့နယ် လယ်ကြီးတောကျေးရွာတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍအနေဖြင့် သဘာဝ ပိုးသတ်ဆေး ပြုလုပ်နည်း သင်တန်းဖွင့်

ကလေးဝ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် လယ်ကြီးတောကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှား မှု စီးမံ ကိန်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက လယ်ကြီးတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ရန်ပုံငွေ သိန်း ၃၀၀ ကျပ် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းမှ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်းက CEM ၁ လီတာ၊ သကာရည် ၅ လီတာ၊ ဆေးရွက်ကြီး ၁ ပိဿာ၊ ဒုတ္ထာ ၂၅ ကျပ်သား၊ ငရုတ်သီးစိမ်းအစို ၁ ပိဿာ၊ ဂျင်း ၁ ပိဿာ၊ ကြက်သွန်ဖြူ ၁ ပိဿာ၊ တမာရွက်(သို့)ဆင်တုံးမနွယ် ၁ ပိဿာ တို့ဖြင့် သဘာဝပိုး သတ်ဆေး ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့သည်။

ယင်း သဘာဝပိုးသတ်ဆေး ဖျော်ရည် ၁ ဆကို၊ ရေ အဆ ၅၀ ဖြင့် ရောစပ်၍ မည်သည့် သီးနှံ မဆို တစ်ပတ်လျှင် ၁ ကြိမ် မှ ၂ ကြိမ် ပုံမှန် ဖျန်းပေးလျှင် ပိုးမွှားနှင့် ရောဂါများကို ကာကွယ်ပေးနိုင် ကြောင်း သိရှိရသည်။

သက်ဟန်(ကလေးဝ)